Saturday 18 September 2010

Files တွေကို လုံခြုံတဲ့ နည်းနဲ့ သိမ်းနိုင်ဖို့ TrueCrypt Container

မိမိကွန်ပျူတာတဲ့ အချက်အလက်တွေကို သူများ အလွယ်တကူမကြည့်နိုင်အောင်၊ ခိုးယူသုံးစွဲလို့မရအောင်၊ လုံခြုံစိတ်ချအောင် TrueCrypt Container ကို ဘယ်လို အသုံးအပြုမလဲဆိုတာကို ပုံတွေနဲ့တကွ အသေးစိတ် ဖော်ပြထားပါတယ်။ အခု TrueCrypt Container ကို ကိုတင်အေးမှ ဘာသာပြန် ဖော်ပြ ပေးထားတာ ဖြစ်ပါတယ်။

လက်တွေ့အသုံးပြုနည်း အခြေခံအဆင့်
ဖိုင်တွေကို လုံခြုံစိတ်ချရတဲ့ နည်းနဲ့ သိမ်းနိုင်ဖို့ TrueCrypt Container (ထရုခရစ် သိုလှောင်ရာနေရာ) ကို ဘယ်လိုပြုလုပ်မလဲ၊ ဘယ်လိုအသုံးပြုမလဲ
ဒီအခန်းမှာ ထရုခရစ်သိုလှောင်နေရာကို ဘယ်လို ပြုလုပ်ရမလဲ၊ ဘယ်လိုဖွင့်ရမလဲ၊ ဘယ်လို အသုံးပြုရမလဲဆိုတာကို အဆင့်ဆင့် ရှင်းပြသွားပါမယ်။ အခုလမ်းညွှန်မှာ ပါဝင်တဲ့ တခြား အပိုင်းများဟာလည်း အရေးကြီးတဲ့ အချက်တွေ ဖြစ်တာကြောင့် ဖတ်ဖြစ်အောင် ဖတ်ဘို့ အလေးအနက် တိုက်တွန်းပါတယ်။
အဆင့် (၁)
ထရုခရစ် ဆော့ဝဲလ်ကို အသုံးပြုနိုင်ဖို့ အင်တာနက်ကနေ ကိုယ့်စက်ထဲကို ဆွဲချခြင်း (downloading) နဲ့ အဲဒီပရိုဂရမ်ကို စက်ထဲမှာတပ်ဆင်ခြင်း (Installing) လုပ်ရပါမယ်။ စက်ထဲမှာ တပ်ဆင်ပြီးပြီး ဆိုရင် TrueCrypt.exe ဖိုင်ကို နှစ်ချက်ဆင့်နှိပ်ပြီးဖွင့် ဒါမှမဟုတ် ၀င်းဒိုး Start Menu ကနေလည်း ထရုခရစ် အမှတ်အသားကို နှိပ်ပြီး ဖွင့်လို့ရပါတယ်။

အဆင့် (၂)

အခု ဘေးကပုံမှာ ဖော်ပြထားသလို ထရုခရစ် ၀င်းဒိုး ပွင့်လာပါမယ်။ အဲဒီမှာ Create Volume ကို နှိပ်လိုက်ပါ။ (ပုံမှာ အလွယ်တကူ ရှာလို့ရအောင် အနီရောင် ဘောင်ခပ်ပြထား ပါတယ်။)




အဆင့် (၃)

အခု နောက်တဆင့်မှာ ထရုခရစ် ထည့်သွင်းမယ့် သိုလှောင်နေရာ ပြုလုပ်ပေးဖို့ အတွက် ထရုခရစ်သိုလှောင်နေရာ ပြုလုပ်ခြင်း ၀စ်ဇတ်ဝင်းဒိုး (TrueCrypt Volume Creation Wizard window) ဆိုတာ ပွင့်လာပါမယ်။
အဲဒီအဆင့်မှာ ထရုခရစ်ကို ဘယ်နေရာမှာ ထားမလဲဆိုတာ ရွေးချယ်နိုင်ပါတယ်။ ဖိုင် (File) တစ်ခုထဲမှာ၊ အကန့် (Partition) တစ်ခုထဲမှာ၊ သိုမှီးပစ္စည်း (Drive) တစ်ခုထဲမှာ ထရုခရစ်ထားရှိမယ့် နေရာကို သတ်မှတ်နိုင်ပါတယ်။ အဲဒီလို ထားရှိတဲ့နေရာကို ထည့်သွင်းရန်နေရာ (သို့မဟုတ်) သိုလှောင်ရန်နေရာ (Container) လို့ ခေါ်ပါတယ်။ အခု လုပ်ရမယ့် လေ့ကျင့်ခန်းမှာတော့ ၀စ်ဇတ်ဝင်းဒိုးမှာ ရွေးပေးထားတဲ့ Create a file container ကို ရွေးပြီး၊ ဖိုင်တစ်ခုထဲမှာ ထရုခရစ် သိုလှောင်နေရာကို ပြုလုပ်ပါမယ်။
အခုအဆင့်ကိုလုပ်ဖို့ ပရိုဂရမ်က Create a file container ကို အသင့်ရွေးချယ်မှု လုပ်ပေးထားတဲ့အတွက် အနီရောင် ဘောင်ခပ်ပြထားတဲ့ Next ကိုသာ ဆက်နှိပ်ပါ။
မှတ်ချက် - နောက်လာမယ့် အဆင့်တွေအတွက် ရှင်းပြမယ့် ပုံတွေက ၀စ်ဇတ်ဝင်းဒိုး (Wizard Window) ရဲ့ ညာဖက်တခြမ်းတည်းကိုသာ ဖော်ပြသွားပါမယ်။


အဆင့် (၄)

အခုအဆင့်မှာ သိုလှောင်နေရာကို ပုံမှန်အတိုင်း ထားရှိမှာလား၊ သာမန်အနေအထားနဲ့ မမြင်နိုင်အောင် ဖျောက်ထားမလား (hidden) ဆိုတာကို သတ်မှတ်ရပါမယ်။ ပုံမှန်ထားရှိမယ့်နေရာ အနေနဲ့ပဲ စအလုပ်လုပ် ကြည့်ပါမယ်။
ပရိုဂရမ်က ရွေးပေးထားတဲ့ အတိုင်းပဲ ထားပြီး Next ခလုတ်ကို နှိပ်ပြီး ဆက်သွားပါ။






အဆင့် (၅)

အခု ရောက်လာတဲ့ အဆင့်မှာ ထရုခရစ် ထည့်သွင်းမယ့်နေရာ ရွေးချယ်ပေးရပါမယ်။ ထရုခရစ် သတ်မှတ်တဲ့ နေရာက ပုံမှန်ဖိုင် တစ်ခုလိုပဲ နေရာ ရွှေ့ပြောင်း နိုင်တယ်၊ ကူးယူနိုင်တယ်၊ ဖျက်ပစ်နိုင်တယ်။ သူ့ကိုလည်း ဖိုင်တစ်ခုလိုပဲ ဖိုင်နာမည် ပေးရပါမယ်။ နောက်လာမယ့် အဆင့်မှာ နာမည်ပေးဖို့ လိုပါတယ်။
Select File ဆိုတာကို နှိပ်လိုက်ပါ။
ပုံမှန်အခြားဖိုင်တွေကို ပရိုဂရမ် တစ်ခုကနေ ရှာသလိုပဲ အောက်မှာ ထရုခရစ်သိုလှောင်နေရာ ပြုလုပ်ခြင်း ၀စ်ဇတ်ဝင်းဒိုး (TrueCrypt Volume Creation Wizard) ပွင့်နေပြီး အပေါ်မှာ ဖိုင်တွေ၊ ဖိုလ်ဒါတွေ ရှာဖွေပေးတဲ့ Dialog Box  တစ်ခု ထပ်ပွင့်လာပါမယ်။
အဆင့် (၆)

အပေါ်မှာ ပြထားသလို Specify Path and File Name ဆိုတဲ့ Dialog Box ပွင့်လာရင် Drive D ရဲ့ အောက်က My Document ရဲ့ အောက်ထဲမှာ (D:\My Document) My Volume ဆိုတာကို နံမယ်ပေးဖို့ အပေါ်မှာ ပြထားတဲ့ ပုံထဲကအတိုင်း လုပ်ပါမယ်။ ဒါမှမဟုတ် ကိုယ်လုပ်ချင်တဲ့ နေရာတစ်ခုကို ရွေးချယ်နိုင်ပါတယ်။ ဥပမာ- အခုဖိုင်ကို USB Drive တစ်ခုအောက်မှာ သွားထားနိုင်ပါတယ်။ အခုအထိ My Volume ဆိုတာ သုံးဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ နောက်လာမဲ့ အဆင့်တွေမှာ ထရုခရစ်ပရိုဂရမ်က လုပ်ပေးပါလိမ့်မယ်။
အထူးသတိပြုရန် - ရှိထားပြီးသား ဖိုင်တစ်ခုကို ထရုခရစ်က လျှို့ဝှက်သင်္ကေတပြောင်းစနစ် (encrypt) မလုပ်ပေးပါ။ ရှိပြီးသားဖိုင်တစ်ခုကို ထရုခရစ် သတ်မှတ်သည့် နေရာအဖြစ် ပြောင်းလဲပါက ၄င်းဖိုင်ကို ဖိုင်အသစ်တစ်ခုအဖြစ် အစားထိုးပစ်မည် ဖြစ်ပြီး၊ ၄င်းဖိုင်အတွင်း ရေးသားမှတ်တမ်းတင်ထားမှု အားလုံးကို ဖျက်ပစ်ခံရမည်ဖြစ်သည်။ ရှိပြီးသားဖိုင်တစ်ခုကို ထရုခရစ် အတွင်း ထည့်သွင်းလိုပါက ထရုခရစ် သိုလှောင်နေရာ သတ်မှတ်ပြီးသည့် အခါမှသာ ထည့်သွင်းနိုင်သည်။ အခု လက်ရှိပြုလုပ်နေသည့် အဆင့်မှာ ထရုခရစ် သိုလှောင်နေရာ သတ်မှတ်နေခြင်းဖြစ်သည်။
မိမိနှစ်သက်ရာ နေရာတစ်ခုအောက်ကို သွားပါ။
မိမိသတ်မှတ်ချင်သည့် ဖိုင်နံမည်တစ်ခုကို File name အကွက် အတွင်း ဖြည့်ပါ။ Save ကို နှိပ်ပါ။
ဖိုင်ရှာဖွေတဲ့ Dialog Box ပျောက်သွားပါလိမ့်မယ်။
နောက်လာမယ့် အဆင့်တွေမှာ ထရုခရစ်သိုလှောင်နေရာ ပြုလုပ်ခြင်း ၀စ်ဇတ်ဝင်းဒိုး TrueCrypt Volume Creation Wizard ကနေ ဆက်သွားပါမယ်။

အဆင့် (၇)

ပုံမှာ ပြထားတဲ့အတိုင်း လမ်းကြောင်းနဲ့ ကိုယ့်ရဲ့ ထရုခရစ် သိုလှောင်နေရာ နာမည်ပေါ်ပြီဆိုရင် Next ကို နှိပ်ပါ။
(ပြထားတဲ့ လမ်းကြောင်း - D:\My Document\My Volume ပဲ ဖြစ်ပါတယ်။)





အဆင့် (၈)
ဘေးမှာ ပြထားတဲ့အတိုင်း ခုနကလုပ်ခဲ့တဲ့ သိုလှောင်နေရာ အတွက် Encryption Algorithm နဲ့ Hash Algorithm ဆိုတာ တွေကို ရွေးချယ်ပေးရပါမယ်။ ဘယ်ဟာကို ရွေးချယ်ရမယ်ဆိုတာ မသိရင် ပရိုဂရမ်က ရွေးထားပေးတဲ့အတိုင်း ထားပြီး Next ကို ဆက်နှိပ်၊ နောက်အဆင့်ကို ဆက်သွားပါ။ (အဲဒီအချက်အလက် အသေးစိတ်ကို လေ့လာချင်ရင် Encryption Algorithms နဲ့ Hash Algorithms ဆိုတဲ့ နောက်ဆက်တွဲ အခန်းတွေမှာ ဖတ်ရှုနိုင်ပါတယ်။)

အဆင့် (၉)
အခုအဆင့်မှာ ကိုယ်လုပ်မယ့် ထရုခရစ် သိုလှောင်ရန်နေရာကို ဘယ်လောက် အရွယ်အစား ထားမယ်ဆိုတာကို သတ်မှတ်ပေးရပါမယ်။ အပေါ်မှာ ပြထားတဲ့ ဥပမာလို တစ်မီဂါဗိုက် သတ်မှတ် ကြည့်ရအောင်။ ကိုယ်ကြိုက်နှစ်သက် သလောက် အရွယ်ကို သတ်မှတ်နိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ အရွယ်ပမာဏကို ပေးဖို့ ပေးထားတဲ့ အကွက်မှာ ဖြည့်ပေး ရပါမယ်။ (အနီရောင် ဘောင်ကွပ် ပြထားပါတယ်။) ပြီးရင် Next ကို နှိပ်ပါ။




အဆင့် (၁၀)
အခုအဆင့်က အရေးကြီးပါတယ်။ ကိုယ့်အတွက် စိတ်အချရဆုံး စကားဝှက်တစ်ခု ပေးရပါမယ်။
အောက်ပိုင်းမှာ ရေးထားတဲ့ ညွန်ကြားချက်က စိတ်အချရဆုံး၊ အသင့်တော်ဆုံး စကားဝှက်ကို ဘယ်လို သတ်မှတ်မလဲဆိုတာ ရေးသားထား ပါတယ်။ အသေအချာ ဖတ်ပါ။
စကားဝှက်ကို ရွေးပြီးပြီဆိုရင် ပထမပေးထားတဲ့ အကွက်မှာ ဖြည့်ပါ။ အဲဒီ စကားဝှက်ကိုပဲ အောက်က ဒုတိယအကွက်မှာ နောက်တစ်ကြိမ် ထပ်ဖြည့်ပါ။ Next ကို ဆက်နှိပ်ပါ။
မှတ်ချက် - စကားဝှက်မှားနေခဲ့ရင် Next ခလုတ်က အလုပ်လုပ်မှာ မဟုတ်ပါဘူး။ စကားဝှက် နှစ်ခုစလုံးတူမှ နှိပ်လို့ရပါလိမ့်မယ်။
အဆင့် (၁၁)
လှို့ဝှက်သင်္ကေတများဖြင့် ပုံဖျက်ပေးသောစနစ် ကနေ Encryption Key တစ်ခု ပြုလုပ်ပေးနေပါတယ်။ အခုလို လုပ်ပေးနေတဲ့ အချိန်မှာ မောက်စ်ကို အနည်းဆုံး စက္ကန့် (၃၀) လောက်အတွင်း ရွှေ့နိုင်သလောက် နေရာရွှေ့ပေးပါ။ များများရွှေ့ပေးနိုင်လေ ပုံဖျက်ပေးမယ့်စနစ် အားကောင်းလေလေ ဖြစ်ပါတယ်။ (လုံခြုံစိတ်ချရမှု ပိုကောင်းစေပါတယ်။)
Format ခလုတ်ကို နှိပ်ပါ။
Format ခလုတ်ကို နှိပ်ပြီဆိုတာနဲ့ ထရုခရစ်သိုလှောင်နေရာက စတင် ပြုလုပ်ပေးပါလိမ့်မယ်။ အဆင့် (၆) မှာတုန်းက သတ်မှတ်ခိုင်းတဲ့ လမ်းကြောင်းအတိုင်း D:\My Documents\ အောက်မှာ My Volume ကို စတင်ပြုလုပ် ပေးပါလိမ့်မယ်။ အခုရလာမယ့် ဖိုင်က ထရုခရစ် သိုလှောင်ရန်နေရာ ဖြစ်ပါတယ်။ အဲဒီသိုလှောင်နေရာမှာ လှို့ဝှက်သင်္ကေတများဖြင့် ပုံဖျက်ပေးသောစနစ် ထိန်းသိမ်းပေးမှာပါ။ ကိုယ်သတ်မှတ်ခဲ့တဲ့ သိုလှောင်မယ့် အရွယ်ပမာဏပေါ် မူတည်ပြီး ပြုလုပ်ပေးတဲ့ အချိန်ကြာမြင့်တက်ပါတယ်။ ပြုလုပ်ပြီးပြီဆိုတာနဲ့ အောက်မှာ ဖော်ပြထားတဲ့ Dialog Box ပေါ်လာပါလိမ့်မယ်။

OK ကို နှိပ်ပြီး အဲဒီ Dialog Box  ကို ပိတ်လိုက်ပါ။

အဆင့် (၁၂)
အခု ဖိုင်တွေကို လုံလုံခြုံခြုံသိမ်းနိုင်ဖို့ ထရုခရစ်သိုလှောင်နေရာ တစ်ခု ပြုလုပ်ပြီးပါပြီ။
Exit ခလုတ်ကို နှိပ်ပြီး ထရုခရစ်သိုလှောင်နေရာ ပြုလုပ်ခြင်းဝစ်ဇတ် ကနေ ထွက်လို့ရပါပြီ။ ထရုခရစ်သိုလှောင်နေရာပြုလုပ်ခြင်းအဆင့် ပျောက်သွားပါမယ်။
အခုနောက်လာမယ့် အဆင့်တွေမှာ ခုနက ပြုလုပ်ခဲ့တဲ့ သိုလှောင်နေရာကို ဘယ်လို ပြန်ဖွင့်မလဲ ဆိုတာ လေ့လာရပါမယ်။ ထရုခရစ်ပရိုဂရမ်မှာ ပြန်ဖွင့်ကြည့်ပါမယ်။ (ထရုခရစ် ဖွင့်လျက် အနေအထား မရှိနေရင် အဆင့် ၁ မှာ ဖွင့်ခဲ့သလို ပြန်ဖွင့်ပါ။ Install ထပ်လုပ်စရာ မလိုပါ။ ပြီးရင် အဆင့် ၁၃ ကို ဆက်သွားပါမယ်။)

အဆင့် (၁၃)

ပုံမှာ ပြထားတဲ့အတိုင်း အနီရောင် ဘောင်ကွပ်ထားတဲ့ Drive ကို ရွေးပါ။ ထရုခရစ် သိုလှောင်နေရာကို ပြန်ဖွင့်ခိုင်းဖို့ပါ။
မှတ်ချက် - အခုပြထားတဲ့ ပုံမှာ Drive M ကို နမူနာအနေဖြင့် ရွေးပြတာပါ။ အခြားကြိုက်နှစ်သက်ရာ Drive တစ်ခုကို ရွေးချယ်နိုင်ပါတယ်။





အဆင့် (၁၄)

ပြီးရင် အပေါ်မှာ ပြထားသလို Select File ကို နှိပ်ပါ။
အဲဒီမှာ ဖိုင်ပြန်ရှာတဲ့ Dialog Box ပွင့်လာပါလိမ့်မယ်။


အဆင့် (၁၅)

အခုဖိုင်ပြန်ရှာမယ့် Dialog Box မှာ (အဆင့် ၆ ကနေ ၁၁ အထိ) လုပ်ထားခဲ့တဲ့ ထရုခရစ် သိုလှောင်နေရာကို ပြန်ရှာပါမယ်။ တွေ့ရင် ရွေးလိုက်ပါ။
Open ကို နှိပ်ပါ။
ဖိုင်ရှာတဲ့ Dialog Box ပျောက်သွားပါမယ်။
ထရုခရစ် ပရိုဂရမ်ကို ပြန်ရောက်လာမယ်။


အဆင့် (၁၆)

အဲဒီ ထရုခရစ်ဝင်းဒိုးမှာ Mount ဆိုတာကို နှိပ်ပါ။
စကားဝှက် ဖြည့်ပေးဖို့ Dialog  Box ပွင့်လာပါမယ်။


အဆင့် (၁၇)

ခုနက အဆင့် (၁၀) မှာ ဖြည့်ထားခဲ့တဲ့ စကားဝှက်ကို စကားဝှက်ထည့်သွင်းဖို့ ပေးထားတဲ့အကွက်မှာ ပြန်ရိုက်ပါ။ (အနီရောင် ဘောင်ကွပ်ပြထားပါတယ်။)




အဆင့် (၁၈)

ဖြည့်ပြီးရင် OK ကို နှိပ်ပါ။
ထရုခရစ်က ခုနသတ်မှတ်ပေးခဲ့တဲ့ သိုလှောင်နေရာကို ပြန်ဖွင့်ပါလိမ့်မယ်။ စကားဝှက်မှားခဲ့ရင် (စာသား မှားရိုက်မိခဲ့ရင်) စကားဝှက် ထပ်မံဖြည့်သွင်းရန် အကြောင်းပြန်ပါမယ်။ (စကားဝှက်ထပ်ရိုက်ပြီး OK ထပ်နှိပ်ပါ။) စကားဝှက် မှန်ပါက သိုလှောင်နေရာကို ဖွင့်ပေးပါလိမ့်မယ်။




နောက်ဆုံးအဆင့်

Disk M ကို အခု ပြန်ဖွင့်လို့ရပါပြီ။ အခုပြန်ဖွင့်လို့ရတဲ့ သိုလှောင်နေရာ တစ်ခုလုံး (၄င်းအောက်ရှိ ဖိုင်အမည်၊ ထားရှိသည့်နေရာ၊ လက်ကျန်နေရာ စသဖြင့်) တို့ကို လျှို့ဝှက်သင်္ကေတပြောင်းစနစ်  Encryption ဖြင့် အကာကွယ်ပေးထားပါတယ်။ မည်သည့်ဖိုင်မဆို ၄င်းသိုလှောင်နေရာအောက်မှာ သိမ်းနိုင်ပါတယ်။ မည်သည့်ဖိုင်မျိုးကိုမဆို ထရုခရစ်အောက် ကူးယူနေချိန်၊ ရွေ့ပြောင်းနေချိန်အတွင်း တွင်ပင် ပုံစံဖျက်ပေးထားနိုင်တယ်။
ဥပမာတစ်ခုအနေနှင့် ထရုခရစ်အောက်မှ သီချင်းဖိုင်တစ်ခုကို Media Player တစ်ခုတွင် ဖွင့်တဲ့အခါ ဖွင့်တဲ့အချိန်အတွင်းသာ ဖိုင်ကို ကွန်ပျူတာမှတ်ဉာဏ် (RAM) က သိရှိနိုင်ရန် ပုံဖျက်ထားရာကနေ ပုံမှန်အနေအထား ရှိစေရန် ယာယီ လျှို့ဝှက်သင်္ကေတဖေါ်စနစ် (Decrypt) အဆင့်ကို ပြုလုပ်ပေးထားတယ်။ ၄င်းဖိုင်ကို ပြန်ပိတ်လိုက်တာနှင့် လျှို့ဝှက်သင်္ကေတပြောင်းစနစ်ကို ပြန်ပြောင်း ပေးပါတယ်။
သတိပြုရန် - ထရုခရစ်သိုလှောင်နေရာကို ဖွင့်ထားပြီး ၄င်းအောက်ရှိဖိုင်များကို ဖွင့်ရာ၊ ကူးယူရာ၊ အခြားဖိုင်များကို ထပ်မံဖြည့်ထားရာတွင် စကားဝှက်ကို အကြိမ်ကြိမ် ထပ်ဖြည့်ပေးရန် မလိုအပ်ပါ။ ထရုခရစ်သိုလှောင်နေရာကို ၀င်ရန် တစ်ကြိမ်သာ စကားဝှက်အမှန်ကို ဖြည့်ရန် လိုသည်။
ဥပမာအနေဖြင့် ဖွင့်ထားပြီးသား ထရုခရစ်နေရာကို မောက်စ် နှစ်ချက်ဆက်တိုက်နှိပ်၍ ၀င်ရောက် နိုင်သည်။ (အပေါ်ပုံတွင် အနီရောင်ဘောင်ကွပ် ပြထားသည့် နေရာကို နှိပ်၍ ၀င်နိုင်သည်။)
သာမန်ဖိုလ်ဒါနှင့် အချက်အလက် သိုလှောင်နေရာများ (Drive) ကို ၀င်ရောက် ကြည့်ရှု ရှာဖွေသကဲ့သို့ပင် ပြုလုပ်နိုင်သည်။ ဥပမာ အနေဖြင့် My Computer ကို ၀င်ရောက်ရန် ၄င်းအိုင်ကွန် အရုပ်ပေါ်တွင် မောက်စ်ကို နှစ်ချက်ဆက်တိုက် နှိပ်၍၀င်သည့်ပုံစံမျိုးကို ဆိုလိုသည်။ (အခုပြထားသည့် နမူနာတွင် Drive M ကို ၀င်ရောက်ခြင်းပင်ဖြစ်သည်။)

ထရုခရစ်သိုလှောင်သိမ်းဆည်းသည့်နေရာ အောက်ရှိ ဖိုင်နှင့် ဖိုလ်ဒါများကို သာမန်ဖိုင်များ၊ ဖိုလ်ဒါများကဲ့သို့ပင် ဆွဲယူချခြင်း (drag-and-drop) မျိုးကို ပြုလုပ်နိုင်ပါတယ်။ ထရုခရစ်အောက်ရှိ ဖိုင်တစ်ခုခုကို ကူးယူနေချိန်၊ အသုံးပြုနေချိန် အတွင်း၌သာ ကွန်ပျူတာမှတ်ဉာဏ်မှ သိရှိနိုင်ရန် ဖိုင်ကို လျှို့ဝှက်သင်္ကေတဖေါ်စနစ် (Decrypt) ကို ပြုလုပ်ပေးပါတယ်။ ထရုခရစ်အောက်တွင် ထည့်သွင်းနေသော၊ ကူးယူနေသော ဖိုင်မျိုးကို ကူးယူနေစဉ်၊ ထည့်သွင်းနေစဉ် တချိန်တည်း၌ ပုံဖျက်ပေးတယ်။ ကွန်ပျူတာမှတ်ဉာဏ် အတွင်း၌ပင် မကျန်ခဲ့စေရန် ပုံဖျက်ပေးသည့် သဘောဖြစ်ပါတယ်။
မှတ်သားသင့်သည့် အချက်မှာ ထရုခရစ်အောက်တွင် အလုပ်လုပ်နေသော မည်သည့်ဖိုင်ကိုမဆို ၄င်းအသုံးပြုနေသော ကွန်ပျူတာအတွင်း လျှို့ဝှက်သင်္ကေတဖေါ်စနစ်ကို သုံး၍ ထားရှိအလုပ်လုပ်ခြင်း မဟုတ်ပါ။ ၄င်းကွန်ပျူတာ၏ မှတ်ဉာဏ်တွင် ခဏသာ အသုံးပြု၍ အလုပ်လုပ်ခြင်း ဖြစ်သည်။ ၄င်းထရုခရစ်နေရာကို ဖွင့်ထားစဉ်တွင်ပင် ၄င်းအောက်ရှိ ဖိုင်များကို ပုံဖျက်ပေးထားနိုင်သည်။ စက်ကို ခဏပိတ်ပြီး ပြန်ဖွင့်သည့် အခါတွင်ဖြစ်ဖြစ်၊ စက်ကို ပိတ်ပြီး ပြန်ဖွင့်သည့် အခါတွင်ဖြစ်ဖြစ် စက်ပိတ်သည်နှင့် ထရုခရစ်လည်း ပိတ်သွားပြီး ထရုခရစ်အောက်ရှိ ဖိုင်များကို သာမန်ဖိုင်များ ပြန်ရှာသကဲ့သို့ ပြန်ရှာ၍ မရပေ။ စက်ရုတ်တရက် ပိတ်သွားလျှင်ပင် ထရုခရစ် အလိုလိုပိတ်ပြီးသား ဖြစ်သည်။ ၄င်းအောက်ရှိ ဖိုင်များကို ပြန်ဖွင့်ချင်လျှင် အဆင့် ၁၃ မှ ၁၈ အထိ ညွန်ကြားချက်အတိုင်း ပြန်ဖွင့်မှသာ ပြန်ပွင့်နိုင်သည်။
ဖွင့်ထားသော ထရုခရစ်နေရာကို ပိတ်ပြီး ၄င်းအောက်ရှိ ဖိုင်များကို ဖွင့်မရအောင် လုပ်လိုပါက စက်ကို ပိတ်ဖွင့်လုပ်ခိုင်းခြင်းဖြစ်စေ၊ ပိတ်လိုက်ခြင်းဖြစ်စေ လုပ်ပါ။ အဲဒီအတွက် အောက်က အဆင့်တွေ အတိုင်း လုပ်ကြည့်နိုင်ပါတယ်။

ထရုခရစ် ၀င်းဒိုးအောက်မှာ ဖွင့်ထားတဲ့ သိုလှောင်နေရာကို ရွေးလိုက်ပါ။ (ပုံမှာ အနီရောင်နဲ့ ဘောင်ခပ်ပြထားတယ်။) ပြီးရင် Dismount (အောက်မှာ အနီရောင်ဘောင်နဲ့ ခလုတ်ပါ။) ကို နှိပ်လိုက်ပါ။ ပြန်ဖွင့်ချင်ရင် အဆင့် ၁၃ နဲ့ ၁၈ အတိုင်းပြန်လုပ်ကြည့်ပါ။



TrueCrypt Partition/Device ဘယ်လို လုပ်နိုင်သလဲ၊ ဘယ်လိုသုံးမလဲ
အရင်အဆင့်တွေမှာ လျှို့ဝှက်သင်္ကေတပြောင်းစနစ် မလုပ်ထားတဲ့ ဖိုင်တစ်ခုကိုသာ ထရုခရစ်နေရာ အဖြစ် ပြုလုပ်ခဲ့တယ်။ အဲဒီနည်းအတိုင်းပဲ Partitions နဲ့ Drive (ထရုခရစ်ထည့်သွင်းထားတဲ့ သိုလှောင်နိုင်သည့် Device - ဥပမာ USB Drive) တို့ကို သတ်မှတ် အသုံးပြုနိုင်ပါတယ်။ အဆင့် ၁ ကနေ ၁၈ အထိ ပြန်လုပ်ရပါမယ်။ ဒါပေမယ့် အဆင့် ၃ ရောက်ရင် ဒုတိယနဲ့ တတိယ ရွေးချယ်မှု Option ထဲက မိမိရွေးလိုတာကို ရွေးပေးပြီး ပြုလုပ်နိုင်ပါတယ်။ အဲဒီမှာ Select File ကို မရွေးဘဲ Select Drive ဆိုတာကို ထပ်ရွေးတဲ့ ပုံစံမျိုးပါ။
သတိပြုရန် - အခုပို့ချခဲ့တဲ့ သင်ခန်းစာ အားလုံးကို အလွယ်ဆုံးနဲ့ အရှင်းဆုံးဖြစ်အောင် ကျန်တဲ့ အခန်းတွေ ဖြုတ်ထားခဲ့ပါတယ်။ အထူးအကြံပေးလိုတာက နောက်ထပ် အသေးစိတ် အချက်အလက်တွေ ပါဝင်တဲ့ ညွန်ကြားချက်တွေကို အသေးစိတ်ဖတ်ရှုလေ့လာကြဖို့ပါ။


* ထရုခရစ်အတွင်း ထည့်သွင်းလာတဲ့ မူရင်း လျှို့ဝှက်သင်္ကေတပြောင်းစနစ် မလုပ်ထားတဲ့ ဖိုင်တစ်ခု (unencrypted file) ကို ထည့်သွင်းပြီးပါက နဂိုမူရင်းနေရာကဖိုင်ကို ဖျက်ပစ်ဖို့ လိုအပ်ပါတယ်။ ဖိုင်တွေကို ဖျက်တဲ့အခါမှာ အမှားအယွင်းကင်းကင်းနဲ့ လုံးလုံးပျောက်သွားနိုင်အောင်၊ ဖျက်နိုင်အောင် ပြုလုပ်ထားတဲ့ ဆော့ဖ်ဝဲလ်တွေကို သုံးနိုင်ဖို့ လိုအပ်ပါတယ်။ (အတော်များများ အခမဲ့ ရယူ သုံးစွဲနိုင်နေပါပြီ။)
Encryption(လျှို့ဝှက်သင်္ကေတပြောင်းခြင်း/စနစ်) ဖိုင်တစ်ခုခုကို၊ ရေးသားထားသော အကြောင်းအရာ တစ်ခုခုကို ဂဏန်းသင်္ချာဖြင့် တွက်ချက်၍ ဖြစ်စေ၊ ကွန်ပျူတာနည်းပညာဖြင့် ဖြစ်စေ သာမန်အားဖြင့် အလွယ်တကူ ဖတ်ရှု၍ မရအောင် လျှို့ဝှက်သင်္ကေတများဖြင့် အစားထိုးကာ ပုံစံဖျက်ထားခြင်းကို ခေါ်သည်။
Decryption(လျှို့ဝှက်သင်္ကေတဖေါ်ခြင်း/စနစ်) လျှို့ဝှက်သင်္ကေတပြောင်း နည်းပညာဖြင့် အကာအကွယ် ပြုလုပ်ထားသော ဖိုင်ကို ပြန်လည်ဖတ်ရှုနိုင်ရန် ပြန်ဖော်ပေးခြင်းကို ခေါ်သည်။



0 comments:

Post a Comment